အခက်အခဲကို အခက်အခဲလို့တွေးရင် အခက်အခဲထုထည်က ပိုကြီးသွားလိမ့်မယ် ဆရာနေဇင်လတ်
ဆရာနေဇင်လတ်သည် ဗိသုကာပညာရှင်၊ စစ်မှုထမ်း၊ စီးပွားရေးလုပ်ငန်းရှင်၊ စီမံခန့်ခွဲမှုပညာရှင်တစ်ဦး၊ စာရေး ဆရာတစ်ဦးအဖြစ်လည်း လုပ်ဆောင်ခဲ့ပြီး လုပ်ကိုင်လျက် ရှိသည့်အပြင် လက်ရှိအချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတ၏ နိုင်ငံရေး အကြံပေးတာဝန်ကို ထမ်းဆောင်နေသူတစ်ဦးလည်း ဖြစ်ပါသည်။ရန်ကုန်ဇာတိပင်ဖြစ်ပြီး မွေးချင်း ၄ ဦးအနက် အကြီးဆုံးသားဖြစ်သည်။ ငယ်စဉ်က ST.John Diocesan ယောက်ျားလေးကျောင်း (ယခု လမ်းမတော် အထက ၁) တွင် တက်ရောက်ခဲ့ပြီး ၁၉၆၃ ခုနှစ် ပြည်သူပိုင်သိမ်းချိန်တွင် တောင်ဥက္ကလာပ အထက ၁ တွင် ပြောင်းလဲတက်ရောက်ပြီး ၈ တန်းအထိ ပညာသင်ကြားခဲ့သည်။ ထို့နောက် အထက်တန်းကို စိန်ပေါလ်ကျောင်း (ယခု ဗိုလ်တထောင် အထက ၆) တွင်တက် ရောက်ခဲ့သည်။ ထိုမှတစ်ဆင့် စက်မှုတက္ကသိုလ်တွင် တက်ရောက်ပြီး B.Arch ဘွဲ့ကိုရရှိခဲ့သည်။ ဘွဲ့ရပြီးနောက် စစ်တပ်ထဲတွင် ၁၂ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီး ၁၉၉၂ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။ စစ်တပ်မှအငြိမ်းစားယူပြီး စီးပွားရေး နယ်ပယ်သို့ ရောက်ရှိလာသည့်အခါ AMBO Company ကို တည်ထောင်ပြီး AMBO Hotel လုပ်ကိုင်နေပေသည်။ ဆရာနေဇင်လတ်သည် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရင်း ပညာဆက်လက် သင်ကြားရင်း Master နှင့် Ph.Dဘွဲ့ကိုပါ ရယူနိုင်ခဲ့သည်။ စာပေ၀ါသနာအရ ၁၉၇၀ ခုနှစ်မှစတင်၍ တံခွန်၊ သပြေ၊ စက်မှုတက္ကသိုလ်မဂ္ဂဇင်းများတွင် စာရေးလေ့ရှိသည့် ဆရာ နေဇင်လတ်သည် စစ်တပ်ထဲဝင်ရောက်ပြီးနောက် စာရေးသားမှု ပြတ်တောက်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် စာပေလောကသို့ တစ်ကျော့ပြန်လည်ဝင်ရောက်လာခဲ့သည်။ စီမံခန့် ခွဲမှုပိုင်းဆိုင်ရာ စာပေများရေးသားရင်း ၂၀၀၈ ခုနှစ် လောက်တွင် နိုင်ငံရေး စာပေများပါ ရေးသားလာခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သမ္မတ ၏ နိုင်ငံရေးအကြံပေးတာဝန်ပေးအပ်ခြင်း ခံရသူ ဖြစ်ပါသည်။ ဖြတ်သန်းမှု ဘ၀တစ်လျှောက် နယ်ပယ်ကဏ္ဍ စုံလင်ခဲ့သည့်အပြင် မိမိတွေ့ကြုံခဲ့သည့် အတွေ့အကြုံ၊ ပညာရပ်များကို မျှဝေနိုင်ရန်အတွက် Aldersgate Collage (Philippine) ၏ Myanamr Campus တွင် ဌာနမှူး တာဝန်ကိုပါ အချိန်တစ်ခုပေး ဆောင်ရွက်လျက်ရှိသည်။
အထက်တန်းကျောင်းတစ်ခု၏ စာသင်ခန်းတွင် ကျောင်းသားအားလုံး၏ တတွတ်တွတ်အသံများက တိတ်ဆိတ်နေပြီး အသံတစ်ခုတည်းကသာ တိတ်ဆိတ်မှုကို ဖြိုခွင်းလျက်ရှိသည်။ အဲ့ဒီအသံပိုင်ရှင်မှာ အခြားသူတော့ မဟုတ်။ ကျွန်တော်တက်ရောက်လျက် ရှိသည့် တောင်ဥက္ကလာပ အထက ၁ တွင် သတ္တမတန်း၌ အင်္ဂလိပ်စာသင် ကြားပြသလျက်ရှိသော ဆရာဦးကျော် ရင်ပင်ဖြစ်သည်။ စာသင်ခန်းရှေ့တွင် ပြောဆိုလျက်ရှိသည့် ဆရာ့စကား များကို ကျွန်တော်တို့ ကျောင်းသား များက ကြောက်လန့်၍ အသံမထွက် ဘဲ နားထောင်နေကြသည်မဟုတ်။ ဆရာ ပြောပြနေသည့် သူ၏ အတွေ့ အကြုံများကို စိတ်ဝင်စားလှသဖြင့် စကားလုံးများ လွတ်သွားမည်ကို စိုးရိမ်သဖြင့် အာရုံစူးစိုက် နားထောင်နေခြင်းသာဖြစ်သည်။ ဆရာ ဦးကျော်ရင်သည် ကျွန်တော်တို့ ကျောင်းသား များကို စာပေပညာရပ်တစ်ခုကိုသာ သင်ကြားပြသခြင်းမဟုတ်ဘဲ သူတွေ့ ကြုံခဲ့ရပုံများကိုပါ ပြောပြရင်း အတွေး အခေါ်များပါ သင်ကြားပေးတတ်သူ တစ်ဦးဖြစ်သည်။ ဆရာ့၏သင်ကြားမှု ပုံစံက ကျောင်းသားများအတွက် အကျိုး ရှိစေသည်။
ကျွန်တော် ကျောင်းသားဘ၀က စာဖတ်အားကောင်းခဲ့သည်။ ကိုယ်တိုင်လည်း self study လည်းလုပ်နိုင်သည်။ ကျွန်တော့်အတွက် အဓိက သင်ကြားလိုသည်က Concept ဖြစ်သည်။ သီအိုရီတွေက ကိုယ့်ဘာသာ ကိုယ် ဖတ်ရှုလေ့လာနိုင်ပေသည်။ ထို့ ကြောင့်လည်း MBA ရောက်စဉ်က သင်ကြားပေးသည့်ဆရာ့ကို Concept များသာ အဓိက သင်ကြားပေးရန် တောင်းဆိုခဲ့ဖူးသည်။ ကျွန်တော်ကိုယ်တိုင်ဆရာအဖြစ် သင်ကြားသည့်အခါတွင်လည်း ကျောင်းသား များကို လက်တွေ့လုပ်ငန်းနဲ့ယှဉ်ပြီး ပြန်သင်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် လည်း ဆရာဦးကျော်ရင်၏ သင်ကြား မှုပုံစံ၊ သင်ကြားပေးခဲ့မှုများက ကျွန် တော့်အတွက် အမှတ်ရစေခဲ့သည်။ ကျွန်တော့်အတွက် ပို၍ အမှတ်ရ စေသည်က ဆရာပြောကြားခဲ့ဖူးသည့် စကားတစ်ခွန်း ပင်ဖြစ်သည်။ ဆရာ က ကျွန်တော်တို့ ကျောင်းသားများကို
“လူတွေမှာ အခက်အခဲ အ မျိုးမျိုး ရှိမယ်။ မင်းတို့တွေ အခက် အခဲကို အခက်အခဲလို့တွေးရင် အ ခက်အခဲထုထည်က ပိုကြီးသွား လိမ့်မယ်။ ဒါဟာ လာနေကျ ဧည့် သည်တစ်ယောက်လို့ မှတ်ထားလိုက် မယ်ဆိုရင်ပဲ အခက်အခဲက သေး သွား လိမ့်မယ်။” လို့ ပြောဖူးသည်။
ထိုစကားက ကျွန်တော့်အတွက် ဘ၀ဖြတ်သန်းမှုတစ်လျှောက်တွင် အခက်အခဲများနှင့်ကြုံတွေ့တိုင်း အခက်အခဲလို့ မယူဆသည်အထိ ဖြစ် စေခဲ့သည်။
အခက်အခဲများကို ကျော်ဖြတ်ခြင်း
ပထမဦးဆုံးသော အခက်အခဲ
ဘ၀ပေးကံကောင်း၍ စားဝတ် နေရေးအခက်အခဲမရှိခဲ့သည့် ကျွန် တော့်အတွက် အခက်အခဲဆို၍ ဦး ဆုံးတွေ့ကြုံခဲ့ရသည်က ဆယ်တန်းအောင်ပြီးသည့်အချိန်ဖြစ်သည်။ ဆယ်တန်းအောင်ပြီးတော့ ကျွန်တော်က DSA ကိုလျှောက်ဖို့စိတ်ကူး ခဲ့သည်။ အဲ့ဒီမှာစတွေ့သည်က... ကျွန်တော်တို့ ဆွေမျိုးထဲတွင် စစ်သား တစ်ယောက်မှမပါချေ။ ဒီတော့ မိသားစုက ကျွန် တော့်ကို သဘောမတူခဲ့ကြပေ။ ကိုယ်က သွားချင်၊ မိသားစုဘက်က မသွားစေချင်။ နှစ်ဖက်လွန်ဆွဲ နေခဲ့ရသည်။
အဲ့ဒီအချိန်တွင် ဦးလေး၏ ဆရာမဖြစ်သူ ရုက္ခဗေဒဌာန၊ ဌာနမှူး ဒေါက်တာဒေါ်ခင်စိန်က ကျွန်တော့်ကို အကြံပေးစကားတစ်ခွန်း ပြောခဲ့ သည်။
“သား...မင်း တက္ကသိုလ်အရင်တက်ကြည့် ပါလား။ မင်းအမှတ်လည်း ကောင်းတာပဲ။ တက္က သိုလ်တက်ပြီးတဲ့အခါ မင်း စဉ်းစားဉာဏ်ပိုရှိလာ မယ်။ ပြီးတော့မှ ဗိုလ်သင်တန်းသွားချင်တယ် ဆိုရင် အဲ့ဒီအခါ မင်းမိဘတွေကို ဆရာမကိုယ်တိုင် ပြောပေးမယ်။”
ဆရာမပြောတဲ့စကားက ကျွန်တော့်အတွက် အကျိုးအကြောင်းသင့် (Resonable) ဖြစ်တာ ကြောင့် ကျွန်တော်လက်ခံပြီး စက်မှု တက္ကသိုလ် တက်ဖြစ်ခဲ့သည်။ စက်မှုတက္ကသိုလ်ပြီး တဲ့အခါမှာ ကျွန်တော့်အနေနဲ့ ရင့်ကျက်မှု (Maturity) တစ်ခု ဖြစ်လာတာမို့ မိဘတွေကို ကိုယ်တိုင် နားဝင် အောင်ပြန်ပြောနိုင်၊ လက်ခံအောင်ရှင်းပြနိုင်ပြီး စစ် တပ်ထဲဝင်ရောက်နိုင်ခဲ့သည်။
ဒီအချိန်တွင် ကျွန်တော့်အတွက် အသိတစ်ခု ရစေတာက ဘယ်အရာမဆို အကြောင်းပြချက် ခိုင်လုံမယ်၊ အကျိုးအကြောင်းသင့်မယ် (Reasonable) ဖြစ်မယ်ဆိုရင် လက်ခံလို့ရတယ်ဆိုတဲ့ အသိပင် ဖြစ်သည်။ တစ်ဖက်ကို နားလည်အောင် ရှင်းပြနိုင် မယ်ဆိုရင် ကိုယ်လိုချင်တာရနိုင်ပေသည်။
ဘာစီးပွားရေးလုပ်မလဲ ...
ဒီလိုနဲ့စစ်မှုထမ်းရင်း ၁၂ နှစ်ကြာမှာ အငြိမ်းစားယူပြီး ဘ၀အလှည့် အပြောင်းအဖြစ် စီးပွားရေးလောကထဲဝင်ရောက်လာခဲ့ရသည်။ ကျွန်တော် စီးပွားရေးလောကထဲဝင်ရောက်လာ ချိန်က ၁၉၉၂ ခုနှစ်၊ ကျွန်တော့်အသက် ၃၈ နှစ် ဖြစ်သည်။ ၁၂ နှစ်လောက် စစ်မှုထမ်းလာတာမို့ အပြင်အလုပ် လုပ်မယ်ဆိုတော့ ကျွန်တော့်အနေနဲ့ ဘာလုပ်ရမှန်းမသိ၊ စဉ်းစားခဲ့ရသည်။ ထိုအချိန်က ဓနမဂ္ဂဇင်းပါ (ဟားဗတ်ကေစင်) ရေးသားသော စာသားက ကျွန်တော့်အတွက် ပညာအလင်း ဖြစ် စေ ခဲ့ရသည်။
"Wisdom is knowing what to do. Skill is knowing how to do." ဆိုတဲ့စာသားလေးပါ။
လုပ်ငန်းရွေးချယ်မှုမှားလို့ အလုပ်ခဏခဏ ပြောင်းနေရင် အသက်တွေသာပိုကြီးသွားပြီး ဘာမှ အလုပ်မဖြစ်ဘဲနေပါလိမ့်မယ်၊ အနာဂတ် အတွက် အလားအလာကောင်း (Potentiality) ရှိတဲ့ အလုပ်ကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်တာက Wisdom ပါ၊ အဲ့ဒီအလုပ်ကို ဘယ်လိုလုပ်ရမယ် ဆိုတဲ့ နည်းပိုင်းဆိုင်ရာကို သိတာက ကျွမ်းကျင်မှု ဆိုတဲ့ Skill ပဲ။
ဒီလိုနှင့် ကျွန်တော့်အတွက် ငွေကြေးအရင်း အနှီးမများဘဲ ဦးနှောက် သုံးရတာကို ရွေးချယ်ခဲ့ သည်။ ကျွန်တော် Ruby land Tourism ကို စလုပ်ဖြစ်သည်၊ ပြီးမှ AMBO Hotel ကို ထောင်လိုက်နိုင်သည်။ နောက်ပြီး Constulant လည်း လုပ်သည်။ အဓိက ကျွန်တော့်အတွက် အချိန်နဲ့ ကြိုးစားမှုအရင်းအနှီးများများပေးရသော အလုပ် မျိုးကိုရွေးဖြစ်သည်။ ငွေကြေးနှင့် မဆိုင်သော အရင်းအနှီးမျိုး များများပေးရတာကို ကျွန်တော်ရွေး ဖြစ်သည်။ စီးပွားရေးစလုပ်တော့ ကျွန်တော့် အတွက် ဖြည့်စရာတွေအတော်များသည်။ ဥပမာ စီးပွားရေးဆိုင်ရာတွေ၊ နိုင်ငံရေးဆိုင်ရာတွေ၊ ဥပဒေ ရေးရာတွေကအစ လေ့လာခဲ့ရသည်။ နောက် အထူးသဖြင့် Language ပိုင်း ပြန်လေ့လာရတယ်။ International Business လုပ်တော့ Language လို လာသည့်အတွက်ဖြစ်သည်။ ပြီးတော့ ကွန်ပျူတာ တွေပေါ်လာတော့ ကွန်ပျူတာနှင့်ပတ်သက်တာ တွေသင်ရသည်။ အခက်အခဲဆိုတာ နေရာတိုင်း တွင် ရှိတတ်သည့်အတွက် အခက်အခဲလို့ မယူဆ တော့ဘဲ စီးပွားရေးပိုင်းဆိုင်ရာမှာ ကျွန်တော့်အ တွက် အခက်အခဲများကို ဖြေရှင်းနိုင်ခဲ့ပေသည်။
နိုင်ငံရေးလောက အခက်အခဲ
၂၀၁၁ ခုနှစ်တွင် ကျွန်တော် သမ်္မတရဲ့ နိုင်ငံ ရေးအကြံပေးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။ ကျွန်တော့်အတွက် တာဝန်ကြီးမားလှသည်။ နိုင်ငံ ရေးကို သီအိုရီသာ သင်ခဲ့ရပြီး လက်တွေ့ကို ထိထိ ရောက်ရောက်မလုပ်ခဲ့ဖူးသဖြင့် လက်တွေ့လုပ် ကိုင်ရာတွင် အခက်အခဲများစွာရှိခဲ့သည်။ နိုင်ငံရေး ပိုင်းဆိုင်ရာတွင် ကြုံတွေ့ရသောအခက် အခဲများ အနက်တစ်ခုမှာ သံတမန်ရေးအရ မဟာဗျူဟာ ပြိုင်ဆိုင်မှုပင်ဖြစ်သည်။ ကျွန်တော့်အနေဖြင့် နိုင်ငံ ပေါင်းစုံမှ သံတမန်များ၊ မြန်မာပြည်ရှိ သံတမန် များသာမက ပြည်ပရှိသံတမန်များစွာနှင့်ပါ တွေ့ဆုံ ဆက်ဆံရသည်။
ယခင်တစ်ချိန် သမ္မတအိုင်စင်ဟောင်ဝါ လက်ထက်တွင် ကွန်မြူနစ်နှင့် အရင်းရှင်တို့အားပြိုင်စဉ်က အာဏာရှင်နိုင်ငံများ ကွန်မြူနစ်ဘက်သို့ ပါသွားမည်စိုးသဖြင့် အမေရိကန်နိုင်ငံသည် အာဏာရှင်နိုင်ငံများနှင့် မဟာမိတ်ပြုခဲ့သည်။ စစ်အေး ကာလအလွန်တွင် ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲသွားချိန်တွင်တော့ ကမ္ဘာကြီးတွင် အမေရိကန် တစ်နိုင်ငံတည်း အင်အားအတောင့်ဆုံး ဖြစ်သွားသည်။ သမ္မတရေဂင်အပြီး စီနီယာဘုရှ်လက်ထက် တွင် အမေရိကန်တို့ အင်အားအတောင့်တင်းဆုံး ဖြစ်သည်။ ထို့နောက် သမ္မတ ကလင်တန်တက်လာ သည့်အချိန် မြန်မာပြည်၌ ၈၈ ဖြစ်ပြီးကာစတွင် အမေရိကန်တို့၏ စံနှုန်းပြောင်းလဲလာပြီး Human Rights အမြင့်ဆုံးဖြစ်လာခဲ့သည်။ သာမန် အားဖြင့် Carrot and Stick ဆိုတဲ့ ကိစ္စရပ်ဟာ အမေရိကန် ရဲ့ မဟာဗျူဟာ အပြောင်းအလဲဖြစ်သွားသော ကြောင့် မြန်မာနိုင်ငံအနေဖြင့် အနောက်နိုင်ငံများရဲ့ Sanction ကို တော်တော်လေးခံလိုက်ရသည်။ ဒီလိုဖြင့် ၂၀၀၈ခုနှစ် ရွေးကောက်ပွဲနိုင်၍ ၂၀၀၉ ခုနှစ်တွင် အိုဘားမားသမ္မတ တက်လာချိန်တွင် တော့ ပစိဖိတ်ဒေသ၏ မဟာဗျူဟာကိုပြန်လည် သုံးသပ်မှု Review လုပ်လာခဲ့သည်။ ၂၀၁၁ ခုနှစ် ကျွန်တော် နိုင်ငံရေးအကြံပေးဖြစ်လာချိန်တွင် အမေရိကန်၏ ပြောင်းလဲသွားသော မဟာဗျူဟာ အပေါ်အခြေခံ၍ မြန်မာ့ပြောင်းလဲမှုနှင့် ချိတ် ဆက်ဆောင်ရွက်ခဲ့သည်။ သံတမန်တွေအနေဖြင့် လည်း ၎င်းင်းတို့ရဲ့ စံနှုန်း၊ လိုချင်မှုများဖြင့် ပြောဆိုမှု များရှိသလို ကျွန်တော်တို့ဘက်ကလည်း ကိုယ့် နိုင်ငံအတွက် ခုခံကာကွယ်မှုများပြုလုပ်ရသည့် ကိစ္စများလည်းရှိသည်။ သံတမန်ရေးရာအရ ညှိနှိုင်း ပြောဆိုမှုများပြုလုပ်ခဲ့ရသည်။ မဟာဗျူဟာပိုင်း ဆိုင်ရာတွေ သံတမန်ရေးရာကိစ်္စရပ်များကို နေ့ မအိပ်ညမအိပ် လုပ်ကိုင်ရသည်။ ရှေ့တန်းစစ် မျက်နှာပြင်တွင်ပင် လန့်မနိုးခဲ့ဖူးသည့်ကျွန်တော့် အတွက်တစ်ခါတစ်ရံ ညအိပ်ရင်တောင် လန့်နိုးခဲ့ရ သည့် အချိန်များရှိခဲ့ရသည်။ ကိုယ်ပြောရသည့် စကားတစ်ခွန်းက လူအများကို ကိုယ်စားပြုနေ သည့်အတွက် တော်တော်ဂရုစိုက်ရသည်။ အချို့ သံတမန်များက တော်တော်လေး နွေးနွေးထွေး ထွေးရှိပေမဲ့ aggressive ဖြစ်သော သံတမန် အချို့နှင့်လည်း ဆက်ဆံရတာလည်းရှိသည်။ သံတမန်နဲ့တွေ့လျှင် ဘယ်သံတမန်က ဘယ်လို မျိုး တွေလာနိုင်သလဲဆိုတဲ့အကြောင်းအရာများ ရှာရ သလို အသုံးအနှုန်းများကိုလည်း စဉ်းစားရသဖြင့် ညအိပ်လျှင်ပင် လန့်လန့်နိုးတဲ့အထိ ဖြစ်ခဲ့ဖူးသည်။
နောက်ထပ်ကြုံတွေ့ရမှုတစ်ခုမှာ အင်တာဗျူး ကိစ္စရပ်ဖြစ်သည်။ အင်တာဗျူးများတွင် အပြောင်းအလဲဖြစ်မှုများရှိသဖြင့် မည်မျှပင် ကောင်းမွန် အောင်ဖြေဖြေ တုန့်ပြန်မှု(အနုတ်ပုံစံ) အနည်း အများရှိခဲ့၊ ကြုံခဲ့ရသည်။ ကျွန်တော့်အနေဖြင့် ကိုယ် ပြောဆိုလုပ်ကိုင်ရာတွင် အမှားအယွင်းရှိသွားမလားဆိုသည့် စိုးရိမ်မှုရှိခဲ့သည်။ ကျွန်တော့် လုပ်ငန်း၊ ကျွန်တော့်ကုမ္ပဏီကိစ္စတွင် မှားယွင်းသွားပါက ကျွန်တော့်လုပ်ငန်း၊ ကျွန်တော့်မိသားစုသာ ခံရမှာ ဖြစ်ပြီး နိုင်ငံရေးတွင်မူ မှားယွင်းသွားပါက သန်း ၅၀ ကို ကိုယ်စားပြုနေသဖြင့် စိုးရိမ်စိတ် ၀င်ရ သည်။ ကျွန်တော့်အတွက် ဘယ်လိုအခက် အခဲ ကိစ္စရပ်များပင်ကြုံကြုံ ကျွန်တော့်ဆရာ ဦးကျော် ရင် ပြောခဲ့ဖူးသည့်အတိုင်း အခက်အခဲကို အခက် အခဲလို့ မတွေးဘဲ ဧည့်သည်အဖြစ်သာ တွေးရင်း ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့သည်။
ဘယ်လို သင်ကြားပေးရမလဲ ...
နိုင်ငံရေးတာဝန်ထမ်းဆောင်ရင်း ကျွန်တော့် အတွက် နောက်ထပ် ရရှိလာသည့်တာဝန်က ပညာ မျှဝေသင်ကြားမှုအပိုင်းဖြစ်သည်။ နှစ် ၅၀ မျှ နိုင်ငံရေးထိတွေ့မှုဖြင့် စိမ်းခဲ့သည့် ကျွန်တော်တို့ အတွက် ဒီမိုကရေစီကို အနှစ်သာရရှိရှိ ပြောင်းလဲ ချင်သော သမ္မတကြီးက ကျွန်တော့်ကို သင်တန်း တစ်ခုဖွင့်လှစ်ခိုင်းခဲ့သည်။ ထို့နှင့် CSIS (Center for Strategic and International Studies) မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဗဟိုဌာန ကို ဖွင့်လှစ်ပြီးဌာနမှူးတာဝန်ထမ်းဆောင်ဖြစ်သည်။ ကြုံတွေ့လာရသည့် အခက်အခဲက နိုင်ငံရေးကို ၂ လသင်တန်းဖွင့်လှစ် သင်ကြားမည်ဆိုတော့ ဘယ်အပိုင်းတွေကို ဘယ်လို သင်ကြားပေးရမလဲဆိုတာ စဉ်းစားရသလို၊ သင်ကြားမည့်ဆရာများကို စုစည်းရသည်။ သင်ကြားမှုအပိုင်းတွင် အဓိက pilar ၃ ခုဖြစ်သည့် Peace, Democracy နှင့် Development ဟူ၍ခွဲထားပြီး ကဏ္ဍတစ်ခုစီတွင် ဘာသာရပ် ၅ ခုသင်ကြားပေးသည်။ ထို့နှင့် နိုင်ငံရေးပါတီပေါင်းစုံက ၅၀%၊ ပြင်ပမှ ၂၅ % နှင့် NGO အဖွဲ့အစည်းများမှ ၂၅% ဟူ၍ သတ်မှတ်ရင်း ၂ လခွဲကြာ သင်တန်းကို ဖွင့် လှစ်နိုင်ခဲ့သည်။ ထိုမှတစ်ဆင့် ၉ လကြာ Diploma သင်တန်းကို နိုင်ငံရေးပါတီ ၂၁ ပါတီမှ သင်တန်း သားများဖြင့် ဖွင့်လှစ်နိုင်ခဲ့သည်။ ယခုဆိုလျှင်Master of Political Management master of Public Administration နှင့် master of Business Administration စသည့် Master Program များကို CSIS နှင့် ဖိလစ်ပိုင်မှ Aldersgate College တို့ ပူးပေါင်း၍ Aldersgate Collage ၏ မြန်မာပြည် Campus တွင် ဖွင့်လှစ်သင်ကြားနိုင်ခဲ့သည်။
ခေတ်ပေါ် လောကီဆိုင်ရာပညာရပ်များ မည်မျှသင်ကြားတတ်မြောက်စေပေမဲ့လည်း လက်ရှိ တစ်ဘ၀စာအတွက်မျှသာဖြစ်ပြီး နောက်ဆုံး အားလုံးသောသူများအနေနဲ့ နောက်ဘ၀တစ်ခုဆီ ကို ယူသွားလို့မရကြပါဘူး။ အဲ့ဒီအတွေးကို အမြဲတမ်း ဆင်ခြင်ထားခဲ့ပါသည်။ လူဆိုတာ အချိန်တွေကို ၁ ရက်ပြီး ၁ ရက် ဖြတ်သွားရမှာပင် ဖြစ် သည့် ဒီအချိန်တွင် အခက်အခဲကြုံတိုင်း ဒါကို အခက်အခဲဆိုပြီး တွေးနေမည်ဆိုလျှင် နေထိုင်သည် ၁ ရက်က ပျော်နိုင်တော့မည်မဟုတ်ချေ။ ကျွန်တော့်အနေဖြင့် အခက်အခဲမှန်းသိလျှင် ဘယ်လိုကျော်ဖြတ်ရမလဲဟူသည့် solution ဖြေရှင်းချက် ကိုသာ စဉ်းစားဖြစ်သည်။ လောကီရေးရာပြီးတော့ လောကုတ္တရာဘက်ကို စဉ်းစားလာသည့် ကျွန်တော့်အတွက် အခက်အခဲဆိုတာ ဘာမှမဟုတ် တော့ကြောင်းပိုမိုသိသာလာသည်။ စိတ်လည်း အတော်နေသာသွားသည်။ အဓိက ကိစ္စတစ်ရပ် အပေါ်အခက်အခဲလို့စဉ်းစားနေမည့်အစား အခက် အခဲမှန်းသိပြီး အဲ့ဒီအခက်အခဲကို ဘယ်လို ကျော် ဖြတ်မလဲဆိုတဲ့နည်းလမ်းကိုသာ စဉ်းစားရပေမည်။ တစ်ခါတလေဖြစ်ပေါ်လာသည့် အခြေအနေပေါ်မူ တည်ပြီး အကောင်းဆုံး စဉ်းစားလုပ်ဆောင်ရပေမည်။
အနာဂတ်မြင်နိုင်ခြင်း
ကျွန်တော်ဖြတ်ကျော်ခဲ့ရသည့် ဘ၀အတွေ့ အကြုံအရ အရေးကြီးသည့်အရာတစ်ခုမှာ အနာဂတ်ကို မြင်နိုင်ခြင်းပင်ဖြစ်သည်။ ကျွန်တော် ငယ်စဉ်က အနာဂတ်မမြင်နိုင်ခဲ့ခြင်း ကိစ္စတစ်ရပ် ရှိခဲ့သည်။ ကျွန်တော်သည် ငယ်စဉ်ကတည်းက စာဖတ်အားသန်သူတစ်ဦးဖြစ်သည်။ International ကို မရောက်ဖူးသေးခဲ့ပေမဲ့ စာပေများအရ သိရှိနေ ခဲ့သည်။ အဲ့ဒီအချိန်က တိုင်းပြည်တိုးတက်အောင် လုပ်ရာတွင် အင်ဂျင်နီယာများ၏အခန်းကဏ္ဍကြီးမားကြောင်း သိခဲ့သည်။ ထို့ကြောင့် ဆယ်တန်း အောင်ပြီး ဘယ်လိုင်းလိုက်မလဲရွေးချယ်ရာတွင် အင်ဂျင်နီယာလမ်းကြောင်းကို လိုက်ဖြစ်ခဲ့သည်။ ကျွန်တော်မမြင်လိုက်နိုင်သည့်အချက်တစ်ခု ရှိသွား သည်။ မတိုးတက်သေးသည့် ကျွန်တော်တို့ နိုင်ငံ တွင် အားလုံးအထက်မှ ချုပ်ထားသည်မှာ နိုင်ငံရေး စနစ်ပင်ဖြစ်သည်။ စနစ်၏အားကို မမြင်လိုက်မိ ချေ။ ဥပမာ ဆိုရှယ်လစ်ခေတ်တွင် အင်ဂျင်နီယာ ကို ဦးစားမပေးဘဲ ဆရာဝန်ကိုသာ ဦးစားပေးခဲ့သည်။ စနစ်တွေထဲတွင် နိုင်ငံရေးစနစ်က အား အကြီးဆုံးဖြစ်ပြီး အဲ့ဒီစနစ်က ခွင့်မပေးသမျှ ဘာမှလုပ်လို့မရကြောင်းသိခဲ့ရသည့် ကျွန်တော့် ဘ၀အတွေ့ အကြုံများအနက် တစ်ခုဖြစ်သည်။
ခေါင်းဆောင်လုပ်မည့်သူများအနေဖြင့် အနာဂတ်မြင်နိုင်ခြင်းက မဖြစ်မနေရှိရမည့် အရည်အချင်းပင်ဖြစ်သည်။ ကုမ္ပဏီ၊ အဖွဲ့အစည်းများ အတွက် Vision မှားနေလျှင် လက်တွေ့ဖြစ် မလာလျှင် အခက်အခဲရှိသည်။ လူငယ်များ အနေဖြင့်အနာဂတ်အမြင်ကို ရအောင်ကြည့်ဖို့လိုသည်။ စိတ်ဆန္ဒကို ဦးစားမပေးဘဲ လက်ရှိအခြေ အနေကိုကောင်းကောင်းသိပြီးမှ အနာဂတ်မှာ ဘာဖြစ်လာနိုင်မလဲဆိုတာတွေးဖို့လိုသည်။ ထိုအရာက သူတကာထက် အသာဆုံးသော အားတစ်ခုဖြစ် သည်။ အဓိက ကိုယ့်ကိုယ်ကိုယ် အမြင့်ဆုံးဖြစ် လိုလျှင် အနာဂတ်အမြင်ကိုသိရမည်။ Technical ကိစ္စမှာ ပင်မ Subject ကို ကိုင်ထားပြီ ဆိုလျှင် Technical ကို ပြန်ရှာလို့ရသည်။ ဦးဆုံး ဘယ်အလုပ်ကိုလုပ်မလဲဆိုသည်ကို မသိဘဲ ယောင်ဝါးဝါးလုပ်ခြင်းက အချိန်ကုန်စေသည်။ အထူးသဖြင့် နိုင်ငံရေး၊ စီးပွားရေးခေါင်းဆောင်လုပ်မည့်သူများ အနေဖြင့် အနာဂတ်အမြင်ကိုသိရပေမည်။ နိုင်ငံ ရေးလုပ်ကိုင်သူများအဖို့လည်း ရှေ့အနာဂတ်တွင် ဘာတွေဖြစ်လာနိုင်မလဲ၊ ကိုယ့်အားဘယ်လောက်ရှိ မလဲ တွက်ချက်တတ်မှသာ အဖြေရှာရန်လွယ်ကူ မည်ဖြစ်သည်။ ကျွန်တော့်ဘ၀တစ်လျှောက် ကြုံ တွေ့ခဲ့ရသော အခက်အခဲ စိန်ခေါ်မှုများကို ကျော် ဖြတ်နိုင်ခဲ့ရာတွင် အခက်အခဲကို အခက်အခဲအဖြစ် စဉ်းစားနေမည့်အစား ဘယ်လိုကျော်ဖြတ်ရမလဲ (solution) ဟူသည့်အချက်ကို စဉ်းစားနိုင်ခဲ့ခြင်း နှင့် ရရှိလာခဲ့သည့် အတွေ့အကြုံများမှ အသိ၊ အနာဂတ်အမြင်များကို အသုံးချနိုင်ခဲ့ခြင်းသည် အ ကောင်းဆုံး မိတ်ဆွေကောင်းများဟု ဆိုနိုင်ပါသည်။
JOB seekers Journal Vol.3, No.31
<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>
0 comments:
Post a Comment