ငြင်းပယ်ခံရတဲ့ နာကျင်မှုကို ဘယ်လို ကုစားမလဲ
ကျွန်မ ကိုယ်တိုင်လည်း ငြင်းပယ်ခံရတဲ့အခါ နာကျင်တာပါပဲ။ အဲဒီလို ဖြစ်တဲ့အခါ ကျွန်မဟာ အခြားတစ်ယောက်ကို ကျွန်မ ဘယ်လို ခံစားရတယ်ဆိုတာကို သူ့ရဲ့ အမြင်နဲ့ လေ့လာပုံဖော်ခိုင်းပါတယ်။ အဲဒီနောက် ကျွန်မကို ငြင်းလိုက်တဲ့ သူက ကျွန်မထက် ပိုပြီးတော်တယ်လို့ မှတ်ယူထားလိုက်တယ်။ ဒါမှမဟုတ် ကျွန်မဟာ တနည်းနည်းနဲ့ ထိုက်တန်မှု မရှိသေးဘူးလို့ စပြီး ယုံကြည်လက်ခံလိုက်တယ်။ ဟုတ်တာပေါ့။ ကျွန်မကို ငြင်းလိုက်တဲ့သူဆီမှာ သူငြင်းရလောက်တဲ့ အကြောင်းပြချက်၊ ဆင်ခြေဆိုတာ ရှိနိုင်တယ်လေ။ အဲဒီ အကြောင်းပြချက်က ကျွန်မဟာ ကိုက်ညီမှု မရှိတဲ့ သူဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ် ယူကျုံးမရ ဖြစ်စရာ မလိုဘူးလေ။
နမူနာတစ်ခု အနေနဲ့ ကျွန်မရဲ့ အတွေ့အကြုံကို ပြောပါရစေ။ ကျွန်မကောလိပ်တက်နေတဲ့ အချိန် အမေ ရုတ်တရက် ဆုံးသွားတယ်။ ဒါနဲ့ ကျွန်မဟာ ၀မ်းနည်း ပူဆွေးမှုတွေ လျော့သွားလေမလား ဆိုတဲ့စိတ်နဲ့ အမေ မရှိတော့တဲ့ အိမ်ကို နောက်ကျမှ ပြန်တယ်။ အတန်းမှန်မှန် မတက်တဲ့ အတွက် တဖြည်းဖြည်း စာမေးပွဲရလဒ်ကလဲ ကျလာတယ်။ စိတ်ညစ် စိတ်ပျက်လာပြီး ဘ၀ကို ခပ်ဆိုးဆိုးနဲ့ အဆုံးသတ်ချင်စိတ်တောင် ပေါက်လာခဲ့တယ်။ စိတ်ပျက်လက်ပျက်နဲ့ နားခိုဖို့ရာ နေရာတစ်ခုကို ရှာခဲ့တယ်။ ဒါ့အပြင် ကျွန်မရဲ့ ခံစားချက်တွေကို ဖော်ပြနိုင်မယ့် အရာတစ်ခု ပိုင်ဆိုင်ချင်ခဲ့တယ်။ ဒီ့အတွက် ကျွန်မ ကောလိပ်က လူမှုရေးအဖွဲ့အစည်းတစ်ခု မှာ အလုပ်အမှုဆောင်ဆိုတဲ့ ရာထူးကို လျှောက်ခဲ့တယ်။ အပေါင်းအသင်းများတဲ့သူ၊ လူဝင်ဆန့်တဲ့သူ ဖြစ်တဲ့အတွက် ကျွန်မဟာ ဒီရာထူးနေရာနဲ့ ကိုက်ညီမှု အရှိဆုံးလို့ ကိုယ့်ကိုကိုယ် ထင်ခဲ့တယ်။
ဒါနဲ့ အမှုဆောင်အဖွဲ့ဝင်ကို မဲပေးရွေးချယ်တဲ့ နေ့မှာတော့ ကျွန်မတို့ လျှောက်ထားသူ အားလုံး အစည်းအဝေးခန်းမထဲမှာ စုဝေးကြပြီး ကျွန်မဟာဆိုရင် အတော့်ကို စိတ်လှုပ်ရှားနေခဲ့ပါတယ်။ ရာထူး နေရာ အတော်များများကို မဲပေးရွေးချယ်ပြီးနောက်မှာတော့ အဖွဲ့ဝင် အလုပ်အမှုဆောင် နေရာအတွက် ရွေးချယ်ဖို့ အချိန်ရောက်လာခဲ့တယ်။ ဥက္ကဌဟာ ကျွန်မအပါအ၀င် လျှောက်ထားသူတွေကို လက်ထောင်ခိုင်းပြီး စာရင်း မှတ်သားပြီးတဲ့အခါ ကျွန်မတို့ကို အခန်းထဲကနေ ထွက်ခိုင်းပါတယ်။ ကျန်တဲ့ အဖွဲ့ဝင်တွေကတော့ တိုင်ပင်ဆွေးနွေးကြပြီး သူတို့နှစ်သက်တဲ့ လူတစ်ယောက်ကို ရွေးချယ်ထားပါတယ်။
သူတို့ရွေးချယ်ပြီးလို့ ကျွန်မတို့ အခန်းထဲ ပြန်ဝင်ရတဲ့အခါမှာတော့ အရွေးခံရသူဟာ ထင်ထားသလို ကျွန်မမဟုတ်ပါဘူး။ ဒါနဲ့ နောက်တစ်နေရာ အတွက် ထပ်ရွေးပါတယ်။ ကျွန်မလဲ လက်မြှောက်ပြီး အရွေးခံ၊ နောက် အခန်းထဲကထွက်ပြီး ရလဒ်ကိုစောင့်ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း ကျွန်မ ရွေးချယ်ခြင်းမခံရသေးပါဘူး။ ကျွန်မ ရှက်စပြုလာပါပြီ။ ဒါပေမယ့် ကျွန်မရဲ့ ဘ၀မှာ သိသာထင်ရှားတဲ့ အရာတစ်ခုကို ပိုင်ဆိုင်ချင်တာကြောင့် စိတ်ပျက်ပေမယ့် နောက်ထပ် နေရာအတွက် ထပ်မံအရွေးခံပါတယ်။ နောက်တစ်ကြိမ်လည်း အရွေးမခံရပြန်ပါဘူး။ ဒီလိုနဲ့ အဖွဲ့ဝင်နေရာ အားလုံးကုန်တဲ့အထိ ကျွန်မ အခါခါ အရွေးခံခဲ့ပါတယ်။
တစ်ကြိမ်မှ အရွေးမခံခဲ့ရတဲ့ အဲဒီနေ့ကတော့ ကျွန်မ အကြိမ်ကြိမ် သေဆုံးခဲ့တဲ့ နေ့ပါပဲ။ အစည်းဝေးခန်းထဲက လူအားလုံး၊ နောက်ပြီး ဒီအဖွဲ့ကလူအားလုံးနဲ့ တစ်ကမ္ဘာလုံးကလူတွေ ကျွန်မကို ဆန့်ကျင်နေကြသလားလို့တောင် ထင်ခဲ့မိပါတယ်။ ဒီလောက် အကြိမ်ကြိမ်လျှောက်တာတောင် နည်းနည်းလေးမှ ကျွန်မကို စာနာ သနားခြင်း မရှိဘူးလို့ တွေးခဲ့ပါတယ်။ လောလောလတ်လတ် အမေ ဆုံးထားတဲ့ ကျွန်မကို ဗုံးတစ်လုံးနဲ့ ပစ်လိုက်သလိုပါပဲ။ အတော့်ကို နာကျည်းစရာကောင်းတဲ့ ငြင်းပယ်မှုမျိုးတွေပါပဲ။ ဒါနဲ့ ကျွန်မ ရှက်ခြင်း၊ နာကျည်းမုန်းတီးခြင်း၊ ကိုယ့်ကိုကိုယ် သိမ်ငယ်ခြင်း စတဲ့ ခံစားချက်ပေါင်းစုံနဲ့ အခန်းထဲကနေ ထွက်လာခဲ့ပြီး ကျွန်မဟာ တန်ဖိုးမရှိတဲ့သူ၊ ချစ်ခင်နှစ်သက်ခြင်း မခံရတဲ့ သူတစ်ယောက်လို့ ခံစားခဲ့ရပါတယ်။
အဲဒီည ကျွန်မနာနာကျည်းကျည်းနဲ့ ငိုကြွေးခဲ့တယ်။ သူတို့အားလုံးကို မုန်းတီးပြီး အပြစ်လဲတင်ရင်းပေါ့။ နောက်သူတို့ကို ပညာပြန်ပေးမယ်ဆိုတဲ့စိတ် ဖြစ်လာခဲ့ပါတယ်။ ဒါ့ကြောင့် မျက်ရည်တွေ သုတ်ပြီး အဲဒီ အဖွဲ့ကနေထွက်ရုံမက ကောလိပ်ကပါ ထွက်ပြီး ကျွန်မ အဖေရှိတဲ့ ပြင်သစ်ကို ပြန်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆုံးဖြတ်တဲ့အတိုင်း ထွက်သွားခဲ့ပြီး နောက်နှစ်ပေါင်း ၂၀ ကြာမှ အဲဒီ အစည်းအဝေးခန်းထဲမှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ သိလိုက်ရပါတယ်။ အခုအချိန်မှာ ပြန်ကြည့်မယ်ဆိုရင်တော့ အဲဒီအဖွဲ့အစည်းဟာ တစ်နှစ်ထက်တစ်နှစ် ပိုပြီး ထက်မြက်ကောင်းမွန်တဲ့ အမှုဆောင်တွေကို သေချာစီစစ်ရွေးချယ်တာ ဖြစ်တဲ့အတွက် လုံလောက်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ လိုပါတယ်။ ဒါပေမယ့် ကျွန်မကတော့ ဘာမှ မပြင်ဆင်ခဲ့ဘဲ ဘာရည်ရွယ်ချက်မှလည်း မရှိခဲ့ပါဘူး။ လူပုံအလယ်မှာ ထင်ပေါ်ချင်စိတ်နဲ့ လူပေါင်းဆန့်တယ်ဆိုတဲ့ အရည်အချင်းတစ်ခုတည်းကို အားကိုးပြီး အရွေးခံရဖို့ မျှော်လင့်မိခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီအတွေ့အကြုံက ကျွန်မဟာ ကျွန်မကို ကျွန်မ တန်ဖိုးမဲ့ပြီး ချစ်စရာမကောင်းတဲ့သူ အဖြစ် ကိုယ့်ကိုကိုယ် ဖန်တီးခဲ့သူ ဖြစ်စေခဲ့ပါတယ်။
ဒါပေမယ့် ကောလိပ်ကထွက်တာကတော့ ကျွန်မအတွက် အကောင်းဆုံးတွေထဲက တစ်ခုလို့ ပြောနိုင်ပါတယ်။ အားလုံးအတွက်တော့ ကိုယ်စားမပြုနိုင်ပေမယ့် ကျွန်မအတွက်တော့ ကောလိပ်ဆက်မတက်ဘဲ အလုပ်စလုပ်ခဲ့တာ ပိုကောင်းခဲ့ပါတယ်။ နောက်ပြီး အဖေနဲ့ အတူရှိနေတော့ ကျွန်မနားခိုရာရခဲ့ပြီး ဘ၀လည်းစခဲ့တယ်လို့ ပြောနိုင်ပါတယ်။ အကယ်၍ ကျောင်းမှာသာ ဆက်နေဦးမယ်ဆိုရင် စိတ်လေလေနဲ့ နောက်ထပ် ၂ နှစ်ကို ဘယ်လို ဖြတ်သန်းနေဦးမယ်ဆိုတာ မသေချာပါဘူး။
ဒါဟာ ကျောင်းအဖွဲ့အစည်းကနေ ရတဲ့ သင်ခန်းစာဖြစ်ပြီး အကြိမ်ကြိမ်သေဆုံးသလို ခံစားမှုကနေ ဘ၀အတွက် ရုန်းကန်အား ဖြစ်စေခဲ့ပါတယ်။ အကယ်၍များ တစ်ယောက်ယောက်က ငြင်းလိုက်ပြီဆိုရင် သင်ဟာ အဲဒီအရာကို ဘယ်လောက်ပဲ လိုချင်နေပါစေ ၊ သင်ဟာ အဲဒီအခြေအနေ၊ နေရာအတွက် လုံလောက်တဲ့သူ မဟုတ်သေးဘူးဆိုတာ လက်ခံပါ။
ကျွန်မဘ၀မှာ ကြုံတွေ့ခဲ့ရတဲ့ ငြင်းပယ်ချက်တွေကို ပြန်ကြည့်မယ်ဆိုရင် တစ်ခုစီတိုင်းက ကျွန်မကို ဆန့်ကျင်ဘက်နေရာကို ပို့ပေးနိုင်ပြီး တချို့ငြင်းဆန်မှုတွေက ကျွန်မရဲ့ အမှားတွေကို ပြင်ဆင်ပေးခဲ့ပါတယ်။ နောက်ပြီး လမ်းမှန်ကိုလည်း ရောက်စေခဲ့ပါတယ်။ ဒါ့အပြင် အဲဒီ ငြင်းပယ်မှုတွေက ကျွန်မကို အကောင်းဆုံးဖြစ်စေခဲ့တဲ့ တွန်းအား၊ ခွန်အားတွေလည်း ဖြစ်ခဲ့ပါတယ်။
ဒါ့ကြောင့် အဲဒီလို ငြင်းပယ်ခံလိုက်ရတဲ့အခါ အဲဒီထက်ပိုကောင်းတဲ့ အခွင့်အရေး၊ အရာတွေက ကိုယ့်ကို စောင့်နေတယ်လို့ စိတ်အားတင်းသင့်ပါတယ်။ နောက်ပြီး ကိုယ့်အား ကြိုးစားမှုအား လိုသေးတယ်ဆိုတဲ့ စိတ်နဲ့ နှစ်ဆတိုးပြီး ကြိုးစားမယ်ဆိုရင် အဲဒီ့ ငြင်းဆန်လိုက်တဲ့ အရာတွေထက် ပိုကောင်းတဲ့ အခွင့်အရေးက ကိုယ့်ထံသေချာပေါက် ရောက်လာမှာ မလွဲပါဘူး။
သင့်ကို ငြင်းလိုက်တဲ့သူက ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ သူ့ကို မုန်းပြီး အပြစ်တင်စိတ်တွေ မထားပါနဲ့။ အဲဒီ အစား သူဟာ တနည်းနည်းနဲ့ သင့်ကို ကောင်းတဲ့လမ်းကို ညွန်းပြီး ခေါ်ဆောင်သွားနိုင်တဲ့ သူအဖြစ် အကောင်းမြင်ပေးပါ။ အဲဒီ အခိုက်အတန့်မှာ ဘာလို့လဲဆိုတာ သင်နားလည်ဦးမှာ မဟုတ်ပေမယ့် အချိန်ကြာလာတဲ့အခါမှာတော့ သင့်ရဲ့ မခံချင်စိတ်၊ အားထုတ်ကြိုးစားမှုနဲ့ လမ်းကြောင်းမှန်ရောက်စေဖို့ ခွန်အားအဖြစ် ပေးလာတဲ့ ငြင်းပယ်ခံရတဲ့ ခါးသီးမှုကို ချိုမြိန်စွာ လက်ခံလာနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် အငြင်းခံရတိုင်း စိတ်ပျက် အားမလျော့ဘဲ အားသစ်လောင်းပြီး မိမိရည်မှန်းချက် ပန်းတိုင်ကို လှမ်းကိုင်နိုင်ပါစေလို့ MMBS Team ကနေ ဆုမွန်ကောင်းတောင်းပါတယ်။
World Myanmar(world-myanmar.com)
<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>
0 comments:
Post a Comment