Friday, October 10, 2014

ကောက်စိုက်သမဖွဲ့(ပျိုလေးတို့ကောက်စိုက်ရာ) (ဗုံကြီးသံ)


ပျိုလေးတို့ ကောက်စိုက်ရာ၊
လိုက်လာနှင့် လေး။
လိုက်လာလျှင် ရွှံ့စင်ရော့မယ်၊
ပေါင်းကြော့ ရင်သွေး။ ။

မဲပန်းညို ပတ်လည်ဝိုက်လို့၊
ထပ်စိုက်တဲ့ မရိုးခိုင်ငယ်၊
ကိုးတိုင်က မွှေး။
လယ်ပွဲတော်ဝင်၊
ပန်ချင်လျှင် ပုံတော်တီးငယ်၊
ခေါင်းဖြီးခဲ့လေး။ ။

အောင်ပင်လယ် ကန်မြမင်းနှင့်၊
ရန်ကင်းတောင် သီခေါင်၊
ရီမှောင်လို့ ဖွေး။
ပျာကသီ၊ တာဆီကို မရွာပါနှင့်၊
မင်္ဂလာလယ်တော်စိုက်ကို၊
ဆိုင်းလိုက်ပါလေး။ ။

ပျိုစိုက်တဲ့ လယ်ကန်သင်းက၊
ရွှေယင်းမာပင်။
မပွင့်ခင်က ငုံတန်သေးငယ်၊
ချိုး ပန်ခဲ့လေး။

တို့တိုင်းမြေနယ်ပေါ်၊
လယ်တော်နှင့် လေး … တော့။
အို-ဘုန်းတော်လေ ကြီးလို့၊
လယ်တော်လေ သီးလို့၊
ပြည်ကြီးမို့လေး။

ရွှေမန်းမြို့ စံရာ၊
ရန်ကွာလို့ ဝေး … တော့။
အို-စက်တော်လေအောက်မတော့၊
ဆဒ္ဒန်ရောက်ပေါ့၊ ရန်ပြန်လို့အေး။ ။

မိုးချုပ်လို့ ချိန်တန်၊
ပြန်ချိန်မှ မျှော်ကွဲ့လေး။
ရွှေဘိုးခေါင် ညီနောင်အိပ်တဲ့၊
တောင်ထပ်ကို နေစွယ်ခ-မှ၊
ချစ်တဲ့လူ ရွှေယောင်ပွက၊
ကြိုပ့ါကွဲ့လေး။ ။

တို့နန္ဒာ လယ်တော်တိုက်မအေ့၊
ညည်းစိုက်တဲ့ ကောက်သွယ်ငယ်၊
မှန်း-ဘယ်မျှကြီး။
ဟော ကြည့်စမ်းမွန်၊
တနှံကို ဆယ်ပြည်ထွက်တယ်၊
ဖြိုးအက်လို့ သီး။ ။

တို့နန္ဒာ ကန်တော်လယ်မှာ၊
နှိုင်းဘွယ်ရှိဘူး။
အကျွန်စိုက်တဲ့ ပျို့ကောက်ပင်၊
ဆင်ပေါက်ကယ် ဆယ်ကောင်ဝင်တော့၊
ရှာမမြင် အနှံဖူး၊
သုံးထွာကကြူး။

ဗုံကြီးသံ (ပုံကြီးသံ ဟုလည်း ရေးသည်)

သံတော်ဆင့် ဆောမြို့စား ဦးစီ

ဆောမြို့စားမင်းရေးသော ကောက်စိုက်သမပုံကြီးသံ (ပျိုလေးတို့ကောက်စိုက်ရာ)

ပျိုလေးတို့ ကောက်စိုက်ရာ။ လိုက်လာနှင့် လေး။ လိုက်လာလျှင် ရွှံ့စင်ရော့မယ်။ ပေါင်းကြော့ ရင်သွေး။ ။ မဲပန်းညို ပတ်လည်ဝိုက်လို့။ ထပ်စိုက်တဲ့ မရိုးခိုင်ငယ်။ ကိုးတိုင်ကမွှေး။ လယ်ပွဲးတော်ဝင်။ ပန်ချင်လျှင်ပုံတော်ထီးငယ်။ ခေါင်းဘီး ခဲ့လေး။ ။ အောင်ပင်လယ် ကန်မြမင်းနှင့်။ ရန်ကင်းတောင်သီခေါင်။ ရီမှောင်လို့ဖွေး။ ပျာကသီ။ တာဆီကိုမရွာပါနှင့်။ မင်္ဂလာ လယ်တော်စိုက်ကို။ ဆိုင်းလိုက်ပါလေး။ ။ ပျိုစိုက်တဲ့ လယ်ကန်သင်းက။ ရွှေယင်းမာပင်။ မပွင့်ခင်က ငုံတန်သေးငယ်။ ချိုးပန်ခဲ့လေး။ တို့တိုင်းမြေနယ်ပေါ်။ လယ်တော်နှင့်လေးတော့။ အို-ဘုန်းတော်လေကြီးလို့။ လယ်တော်လေသီးလို့။ ပြည်ကြီးမို့လေး။ ရွှေမန်းမြို့စံရာ။ ရန်ကွာလို့ဝေးတော့။ အို-စက်တော်လေအောက်မတော့။ ဆဒ္ဒန်ရောက်ပေါ့။ ရန်ပြန် လို့အေး။ ။ မိုးချုပ်လို့ချိန်တန်။ ပြန်ချိန်မှမျှော်ကွဲ့လေး။ ရွှေဘိုးခေါင်ညီနောင်အိပ်တဲ့။ တောင်ထပ်ကိုနေစွယ်ခမှ။ ချစ်တဲ့လူ ရွှေယောင်ပွက။ ကြိုပကွဲ့လေး။ ။ တို့နန္ဒာလယ်တော်တိုက်မအေ့။ ညည်းစိုက်တဲ့ ကောက်သွယ်ငယ်။ မှန်း-ဘယ်မျှကြီး။ ဟော ကြည့်စမ်းမွန်။ တနှံကို ဆယ်ပြည်ထွက်တယ်။ ဖြိုးအက်လို့သီး။ ။ တို့နန္ဒာ ကန်တော်လယ်မှာ။ နှိုင်းဘွယ်ယှိဘူး။ အကျွန်စိုက်တဲ့ ပျိုးကောက်ပင်။ ဆင်ပေါက်ကယ် ဆယ်ကောင်ဝင်တော့။ ရှာမမြင် အနှံဖူး။ သုံးထွာကကြူး။ ။
(ဂီတဝိသောဓနီမူ)



Credit to: မမေဓာဝီ - တွေးမိတွေးရာ ရေးမိရေးရာ http://maydar-wii.blogspot.com/2011/03/blog-post.html

0 comments:

Post a Comment

Author

တစ်လ အတွင်းလူဖတ်အများဆုံး

Blog Archive

..
.
...