Friday, October 10, 2014

ပါတော်မူ ဧကပိုဒ် တမ်းချင်း (သေသော်မှတည့် သြော်ကောင်း၏)


ဆီးဘန်နီ ဆရာတော်ဘုရား ထပ်မံ၍ ဆိုတော်မူပြန်သော ပါတော်မူ ဧကပိုဒ် တမ်းချင်း

တဖန်မှတ်စေ၊ ထပ်၍ဖြေပိမ့်၊ သံဝေရမှု၊ ရှေးကပြုသည်၊ ရတုဖိုးထိုက်၊ ဧကပိုဒ်ကို၊ လိုက်၍ဖြေပေ၊ ဉာဏ်ကဝေတို့၊ ဖြစ်လေရှေးက၊ ကောသလ၏၊ သောဠသဇာတ် (သုဝိန္နဇာတ်)၊ အတ္ထုပ္ပတ်နှင့်၊ သတ္တဝါ့ကြမ္မာ၊ သင်္ခါ(ရ)တရား၊ နွားလားရှေ့ဆောင်၊ ပမာမြှောင်လျက်(၍့)၊ မင်းခေါင်ကိုသာ၊ ပြစ်ရှာဖန်ဖန်၊ ဆိုပြန်ဘိဘိ၊ ထိထိပါးပါး၊ စကားဖောက်လှဲ၊ ကိုယ်ကိုလွှဲလည်း၊ မလွှဲစသာ၊ ဤအရာဝယ် (မှာ)၊ ပမာထင်ထင်၊ ကဗျာတင်က(မူ)၊ ပေါက်ပင်ကိုင်းငြိတ်၊ ဗျိုင်းနိမိတ်ကို၊ ဖိုလ်ဟိတ်ခတ်(စပ်)ကာ၊ စပ်(ဟတ်)၍ရှာမူ၊ သတ္တဝါဘူဇဂ၊ ချင်းမူလဟု (ချင့်မူလကို)၊ သိရသောနှယ်၊ မလွတ်ဘွယ်တည့်၊ နွယ်မာလောညွန့်၊ ဆင်ခြေကွန့်လည်း၊ မလွန့်မသာ (မလွန့်စသာ)၊ အကြောင်းမှာကား၊ (ရွယ်)ငယ်စွာနုမြစ်၊ ကြလိုမျှစ်သို့၊ မြေးမြစ်အလား၊ မင်းနှစ်ပါးတို့၊ တိုင်းကားနှင်းထပ်၊ ကိုယ်ကိုအပ်၍၊ ပညာတ်စေကြောင်း၊ မှူးမတ်ပေါင်းအား၊ ဆိုးကောင်းအရေး၊ လွှဲဝေပေးလျက် (လွှဲအပ်ပေးလျက်)၊ တရွေးတရတီ၊ တဗီဇဝါ (တဗီဇနာ)၊ တမြူလွှာမျှ၊ ရသာအထူး၊ ဂုဏ်ကျေးဇူးကို (သည်)၊ မှူးမတ်ထံမှ၊ မခံရရှင့်၊ သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍၊ ကုန်းဘောင်နေမီး၊ မထိန်ညီးက၊ တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင် (တည့်)၊ ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်းသုည၊ သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ် (သုညရလစ်) [သုဉ်းနှင့်ရလစ်]၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ ဒို့တတွေသည်၊ သေသော်မှတည့် သြော် ကောင်း၏ ... ။

(ဆီးဘန်နီဆရာတော်)
တမ်းချင်း

မှတ်ချက်။ ။ လက်သည်းကွင်း (..) အတွင်းစာသားများမှာ ကဗျာသင်္ဂဟမေဒနီ ကျမ်းပါ စာသားများဖြစ်ပါသည်။ ထောင့်ကွင်း [..] အတွင်းရှိ စာသားမှာ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၄ တွင်ဖော်ပြထားသော မူကွဲ ဖြစ်ပါသည်။ သုဝိန္နဇာတ်ဟု ကဗျာသင်္ဂဟမေဒနီ ကျမ်းတွင် ဖော်ပြပါရှိသော်လည်း မူရင်းပထမ မှတ်ပါရစ်စေ-ချီ ဧကပိုဒ် တမ်းချင်းကို မဟာဒါဏ်ဝန်မင်း ဦးရွှေဝ (ကင်းဝန်မင်းကြီး - မူကွဲ) ချေပရေးသားသည့်လေးချိုးကြီးတွင် "သောဠသ-စာ၊ ဤရာဇာကို ..." ဟု ပါရှိသောကြောင့် သောဠသဇာတ် မှာ ပို၍ သင့်လျော်သော စာသားဖြစ်မည်ဟု ယူဆပါသည်။

0 comments:

Post a Comment

Author

တစ်လ အတွင်းလူဖတ်အများဆုံး

Blog Archive

..
.
...