ရွှေဥဒေါင်း
မန္တလေးမြို့ဇာတိဖြစ်ပြီး အမည်ရင်းမှာ ဦးဖေသိန်းဖြစ်သည်။ ၁၉၀၈ တွင် ကာလကတ္တားတက္ကသိုလ် အသိအမှတ်ပြု ဝင်ခွင့် စာမေးပွဲကို အောင်မြင်ခဲ့သည်။ ကျောင်းဆရာ၊ သစ်တောစာရေး၊ တောလိုက်စာရေး၊ မဂ္ဂဇင်းအယ်ဒီတာ၊ သတင်းစာအယ်ဒီတာချုပ်အဖြစ် ကျင်လည်ခဲ့သည်။ ပင်ကိုရေး၊ အမှီးနှင့် ဘာသာပြန်ဝတ္ထုတိုရှည်များ၊ ဗုဒ္ဓဝါဒ၊ တွေးခေါ်မြော်မြင်ရေး၊ အတ္ထုပ္ပတ္တိစာအုပ်များ ရေးသားခဲ့သည်။ အထူးသဖြင့် စုံထောင်မောင်စံရှား အမှီးဝတ္ထုများ၊ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ၊ ဒိဋ္ဌေဒိဋ္ဌမတ္တံ လက်တွေ့ကျင့်စဉ် စာအုပ်များမှာ ထင်ရှားသည်။ မြန်မာစာပေနယ်တွင် အမှီးဝတ္ထုပုံစံကို ထူးချွန်ပြောင်မြောက်စွာ တိုးချဲ့ဆန်းသစ်ခဲ့သည်။ ရရှိခဲ့သည့် စာပေဗိမာန်ဆုများမှာမျှော်တလင့်လင့်ဖြင့် ၁၉၅၂ ခု ဘာသာပြန်ဆု၊ သွေးစုပ်မြေဖြင့် ၁၉၅၅ခု ဘာသာပြန်ဆု၊ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များဖြင့် ၁၉၆၁ ခု သုတပဒေသာဆုများ ရရှိခဲ့သည်။
ငယ်ဘဝ
ဆရာကြီး ရွှေဥဒေါင်းသည် ၁၂၅၁ ခု၊ တန်ဆောင်မုန်း လဆန်း ၂ ရက် (၁၈၈၉ ခု၊ အောက်တိုဘာ ၂၄ ရက်) ကြာသပတေးနေ့တွင် ဖွားမြင်သူ ဖြစ်သည်။ မန္တလေးမြို့ ဧချိုင့် (ဝါးတန်း) ရပ်ကွက်တွင် ဖွားမြင်၍ မိဘနှစ်ပါးမှာ ဦးဧရာနှင့် ဒေါ်ရွှေတို့ဖြစ်သည်။ ဆရာကြီး၏ အမည်ရင်းမှာ ဦးဖေသိန်း ဖြစ်သည်။[၂]
ဖခင် ဦးဧရာသည် သီပေါမင်းလက်ထက်တွင် လွှတ်တော် စာရေးအဖြစ် အမှုထမ်းခဲ့ ဖူးသည်။ ကိုလိုနီခေတ်တွင် ဖိနပ်ထောင်ဆရာအဖြစ် အသက်မွေးဝမ်းကျောင်း ပြုသည်။ မိခင် ဒေါ်ရွှေသည်လည်း သီပေါမင်း လက်ထက်တွင် စာတော်ဖတ်အဖြစ် အမှုထမ်းခဲ့ဖူး၍ တနင်္ကသီ ရွာစားဘွဲ့ပင် ရခဲ့ဖူးသည်။ သီပေါမင်း ပါတော်မူပြီးနောက် ဦးဧရာနှင့် ဒေါ်ရွှေတို့ ဖူးစာဆုံပြီး ဆရာကြီးကို ဖွားမြင်ခြင်း ဖြစ်သည်။
ပညာရေး
ဆရာကြီးသည် မန္တလေးမြို့ ဗုဒ္ဓဘာသာသီလရှင်ကျောင်းတွင် စတင် ပညာသင်ကြားသည်။ ထို့နောက် လူကျောင်း၊ မန္တလေးမြို့ ဒက္ခိဏဝံတိုက် ဘုန်းကြီးကျောင်း၊ အေဘီအမ်ကျောင်းတို့သို့ အဆင့်ဆင့် ပြောင်းရွှေ့ ပညာသင်သည်။ ၁၉ဝ၈ ခုတွင် ကာလကတ္တား တက္ကသိုလ် အသိအမှတ်ပြု အင်းထရင့် စာမေးပွဲကို အောင်မြင်သည်။ ထို့နောက် မန္တလေး ဗုဒ္ဓဘာသာ ကျောင်းနှင့် အေဘီအမ် ကျောင်းတို့တွင် ကျောင်းဆရာ လုပ်သည်။ ထို့နောက် ရွှေဘို အရေးပိုင်ရုံး၊ သစ်တော်ရုံး တို့၌ စာရေး လုပ်သည်။ ထို့နောက် မန္တလေးမြို့ လယ်ယာ စိုက်ပျိုးခြင်းနှင့် သမဝါယမ မင်းကြီးရုံး၌ တောလိုက် စာရေး ဝင်လုပ် ပြန်သည်။ တောလိုက် စာရေး ဘဝ အသက် ၂၁ နှစ်တွင် ပထမ အကြိမ် အိမ်ထောင် ကျသည်။ ၃ နှစ်ခန့် ပေါင်းသင်း ပြီးနောက် အိမ်ထောင်နှင့် ကွဲသည်။ ၁၉၁၄ ခုနှစ်တွင် အလုပ်မှ နုတ်ထွက် ပြီးနောက် ဒုတိယ အိမ်ထောင်နှင့် ဖူးစာ ဆုံသည်။ ၁၉၂ဝ ပြည့်နှစ်တွင် ဒုတိယ အိမ်ထောင်နှင့် ကွဲပြန်သည်။ ထို့နောက် ကသာ ခရိုင် မြတောင် ရွာရှိ မိတ်ဆွေ တဦးထံ အလည်အပတ် သွားရောက်ရာမှ မြတောင်သူ ဒေါ်စိုးနှင့် တွေ့ကာ တတိယ အကြိမ် အိမ်ထောင် ကျသည်။ ဆရာကြီးမှာ ဒေါ်စိုးနှင့် ကျမှ အိမ်ထောင်ရေး ဘဝ စွဲမြဲ တည်ငြိမ် သွားလေ တော့သည်။
ဆရာကြီးသည် အေဘီအမ် ကျောင်းတွင် ပညာ ဆည်းပူးနေစဉ် ၈ တန်းတွင် စာဖတ် ဝါသနာ မျိုးစေ့ကို ရခဲ့ပြီး ကမ္ဘာ့ ဂန္ထဝင်မြောက် အင်္ဂလိပ် ဝတ္ထုကြီးများကို ဖတ်ရှု နိုင်သည့် အခြေသို့ ရောက်ခဲ့သည်။ စွဲစွဲမြဲမြဲလည်း ဖတ်ရှု ခဲ့သည်။ စာဖတ်သက် ရင့်ကျက် လာသည်နှင့် အမျှ ဘဝ အတွေ့အကြုံလည်း များလာပြီ ဖြစ်သော ဆရာကြီးသည် ဝတ္ထု ရေးလိုစိတ် ထက်သန် လာသည့် အလျောက် ၁၉၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ညတွင် ‘ရန်ကြီးအောင်’ ဝတ္ထုကို စတင် ရေးသားသည်။ ရန်ကြီးအောင်မှာ ကိုယ်ပိုင်ဉာဏ်ဖြင့် ရေးသော ဝတ္ထု ဖြစ်သည်။ သို့သော် ဇာတ်လိုက် မနှင်းမြိုင်အား ကာလသား ၄ ယောက် အလောင်းအစား ပြုကာ လူပျို လှည့်သည့် အခန်းကိုမူ ရေးနိုး (Raynolds)၏ ‘လန်ဒန်မြို့ အရှုပ်တော်ပုံ’ (The Mysteries of London) ဝတ္ထုမှ ယူခြင်း ဖြစ်သည်။ ရန်ကြီးအောင် ဝတ္ထုကို သူရိယ သတင်းစာ တိုက်က ပုံနှိပ် ထုတ်ဝေရန် ရွှေးချယ်ပြီး ဉာဏ်ပူဇော်ခ ငွေတရာ ပေးသည်။ ဤသို့ဖြင့် ဆရာကြီးသည် စာရေး ဆရာ ဖြစ်လာ တော့သည်။ ထို့နောက် သူရိယ ဦးဘဘေ၏ တိုက်တွန်းချက် အရ မစ္စက် ဟင်နရီဝု (Mrs. Henry Wood) ၏ ‘အိစလင်း’ (East Lynne) ဝတ္ထုကို မှီငြိမ်း ပြုကာ ‘ရတနာပုံ’ ဝတ္ထုကို ရေးသားသည်။ ထိုဝတ္ထု နှစ်ပုဒ်ကို အကြောင်းပြု၍ ဆရာကြီးကို သူရိယ မဂ္ဂဇင်းတွင် အယ်ဒီတာ ခန့်လိုက်သည့် အတွက် စာပေ လောကထဲသို့ ဝင်ရောက် ကျင်လည် ရတော့သည်။ ဆရာကြီးကို စာပေ လောကထဲသို့ ပို့ဆောင် ပေးခဲ့သော ‘သူရိယ’ (နေ) ၏ အထိမ်းအမှတ် ဖြစ်သော ‘ဒေါင်း’ ကို အစွဲပြု၍ ‘ရွှေဥဒေါင်း’ ဟူသော ကလောင် အမည်ကို ခံယူသည်။
အလုပ်အကိုင်
ဆရာကြီးသည် သူရိယ မဂ္ဂဇင်းတွင် အယ်ဒီတာ လုပ်နေစဉ် မြန်မာ ဂျာနယ် သမိုင်းတွင် ပထမဆုံး ဂျာနယ် ဖြစ်သော ‘မြန်မာ့ဗျူဟာ ဂျာနယ်’ ကို မိတ်ဆွေ တဦးနှင့် ပေါင်း၍ ထုတ်ဝေ ခဲ့သေးသည်။
၁၉၂ဝ ပြည့်နှစ်တွင် ဆရာကြီးသည် သူရိယနှင့် မသင့်မတင့် ဖြစ်ကာ အလုပ်မှ နုတ်ပယ် ခံရသည်။ ဒေါ်စိုးနှင့် ဖူးစာ ဆုံပြီးနောက် ကန္နီရွာတွင် အင်္ဂလိပ် ကျောင်းဆရာ အလုပ်ကို ၂ နှစ်မျှ လုပ်သေးသည်။ တရား အားထုတ်ရင်း အသက် ၃၆ နှစ်တွင် ရဟန်း ဘောင်သို့ ဝင်သည်။ ရဟန်း အဖြစ် အရိုးထုတ်ရန် ကြံရွယ်သော်လည်း ငှက်ဖျား မိကာ အသည်းအသန် နာမကျန်း ဖြစ်သည့် အတွက် လူဝတ် လဲရသည်။
ဆရာကြီးသည် စာရေးခြင်းဖြင့် အသက် မွေးဝမ်းကျောင်း ပြုရင်း လခစား အလုပ်ကို ကြိုးကြား ကြိုးကြား လုပ်ခဲ့သည်။ ၁၉၂၆ ခုတွင် နယူးဘားမား သတင်းစာ တိုက်တွင် စက္ကရီထေရီ အဖြစ် ခေတ္တ ဆောင်ရွက်သည်။ ၁၉၃ဝ ပြည့်နှစ်တွင် ပဲခူးမြို့ ခရစ်ယာန် စာပေ အသင်း၌ ဘာသာပြန် ဆရာ အဖြစ် ၃ နှစ်မျှ ဝင်လုပ်ကာ စာအုပ်ပေါင်း ၂ဝ ကျော်ခန့် ဘာသာပြန် ပေးခဲ့သည်။ ၁၉၃၆ ခုတွင် သူရိယက ပြန်ခေါ်ပြီး ဆရာကြီးကို သူရိယ သတင်းစာတွင် အယ်ဒီတာ ခန့်သည်။
ဒုတိယ ကမ္ဘာစစ် အတွင်းတွင် ဆရာကြီးသည် ဆင်းရဲ ပင်ပန်းစွာ လှုပ်ရှား ရုန်းကန် ရသည်။ စစ်ပြီး ခေတ်တွင် ဆရာကြီး၏ ဘဝသည် အထူး ပြောင်းလဲ ခဲ့သည်။ ဆရာကြီးသည် ဗုဒ္ဓ၏ စိတ္တာ ဝိပဿနာကို ကျနစွာ ကျင့်သုံးသည်။ လက်ဝဲ စာပေ အမြောက်အမြား ကိုလည်း ဖတ်ရှုသည်။ မန္ဈလေးရှိ လူထု သတင်းစာ တိုက်တွင် အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်စဉ် ၅ လ နီးပါးခန့် ဖဆပလ အစိုးရ၏ အကျဉ်းချခြင်းကို ခံရသည်။ ၁၉၆၂ ခုနှစ် နောက်ပိုင်း တော်လှန်ရေး အစိုးရ လက်ထက်တွင် ဆရာကြီးသည် ‘လုပ်သား ပြည်သူ့ နေ့စဉ် သတင်းစာ’ အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက် ပြီးနောက် ၁၉၆၈ ခုတွင် အငြိမ်းစား ယူသည်။
ဆရာကြီးသည် အနောက်တိုင်း ဝတ္ထုများကို ဆီလျော်အောင် မှီငြိမ်း ပြုခြင်းဖြင့် လည်းကောင်း၊ တိုက်ရိုက် ဘာသာ ပြန်ခြင်းဖြင့် လည်းကောင်း မြန်မာ စာပေ နယ်ပယ် ထဲသို့ ပို့ဆောင် ပေးသူ ဖြစ်သည်။ ရိုက်ဒါဟက်ဂတ် (Rider Haggard) ၏ ရှီ (She) ကို မှီငြမ်း ပြုသော ရူပနန္ဒီ ဝတ္ထု၊ ကိုနင်ဒွိုင်း (Conan Doyle) ၏ ရှားလော့ဟုမ်း (Sherlock Holmes) ကို မှီငြမ်း ပြုသော စုံထောက် မောင်စံရှား ဝတ္ထု တို့သည် အထူး ထင်ရှားပြီး မှီငြမ်း ပြုပုံ မြန်မာ ဆန်သည့် အတွက် အများ နှစ်သက် ကြသည်။ အချို့ ဆိုလျှင် မှီငြမ်း ပြုမှန်းပင် မသိကြပေ။ ‘ဝင်္ကန္ဈ၊ ရတနာပူရ၊ ခင်စက်မေ၊ ပြည်ပေါက္ဗံ၊ ဂျမဒါ ကိုကိုကြီး၊ ရူပကလျာဏီ၊ ပထမံ ဆရာသိန်း၊ ဇော်ဟိတ်’ စသည်တို့မှာ ဆရာကြီး၏ ထင်ရှားသော မှီငြမ်းပြု ဝတ္ထုများ ဖြစ်သည်။ ‘ရတနာသိုက်၊ ဗတ်စကာဗျီ ခွေးကြီး၊ သူရဲကောင်း သုံးယောက်၊ အန္နာကရီနီနာ၊ မျှော်တလင့်လင့်၊ ကိုယ်ရံတော်၊ စိတ်ထားဝတိန်၊ သွေးစုပ်မြေ’ စသည်တို့မှာ ဆရာကြီး၏ ထင်ရှားသော တိုက်ရိုက် ဘာသာပြန် ဝတ္ထုများ ဖြစ်သည်။ ‘မြတ်သက်မော်’ နှင့် ‘ဆုကြီးပန်’ တို့မှာမူ ဆရာကြီး၏ ပင်ကိုရေး ဝတ္ထုများ ဖြစ်သည်။ ဆရာကြီးသည် ဝတ္ထုရှည် ၅ဝ ကျော်၊ ဝတ္ထုတို ၃ဝဝ ကျော်ကို မှီငြမ်း ပြု၍ လည်းကောင်း။ တိုက်ရိုက် မြန်မာ ပြန်၍ လည်းကောင်း ရေးသားခဲ့ကြောင်း သိရပါသည်။ ‘အာဟာရဖြင့် ကျန်းမာနည်း’၊ ‘အကြံဉာဏ်ဖြင့် ကြီးပွားရေး’ တို့ကိုလည်း မြန်မာ ပြန်ခဲ့သည်။ ‘ကိုယ်တွေ့ တရုတ်ပြည်သစ်’ အမည်ဖြင့် ခရီးသွား မှတ်တမ်း၊ ‘တသက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ’ အမည်ဖြင့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တို့ကို ရေးသား ခဲ့သည်။ သတင်းစာ ခေါင်းကြီးများ၊ ဆွေးနွေးခန်း ဆောင်းပါးများ၊ ဒိဋ္ဌေဒိဋ္ဌမတ္တံ အပါအဝင် လောကုတ္တရာ ဆောင်းပါးများ၊ စာပေ လူမှုရေး နိုင်ငံရေး ဆိုင်ရာ အထွေထွေ ဆောင်းပါးများ ကိုလည်း ရေးသား ခဲ့သည်။
ဆရာကြီးသည် ချားဒစ်ကင်း (Charles Dicken) ၏ ဂရိတ်အိတ်စပက်တေးရှင်း (Great Expectation) ကို မြန်မာပြန်သော မျှော်တလင့်လင့် ဝတ္ထုဖြင့် ၁၉၅၂ ခုနှစ်တွင် စာပေဗိမာန် ဘာသာပြန် ဆုကို လည်းကောင်း၊ အပ္ပတန် ဆင်ကလဲယား (Upton Sinclair) ၏ သဂျန်းဂဲလ် (The Jungle) ဝတ္ထုကို မြန်မာပြန်သော သွေးစုပ်မြေ ဝတ္ထုဖြင့် ၁၉၅၅ ခုနှစ်တွင် စာပေဗိမာန် ဘာသာပြန် ဆုကို လည်းကောင်း၊ တသက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်ဖြင့် ၁၉၆၁ ခုနှစ်တွင် စာပေဗိမာန် သုတပဒေသာ ဆုကို လည်းကောင်း ရရှိခဲ့သည်။ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) ကိုယ်စားလှယ် အဖြစ် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၊ ဆိုဗီယက် ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတ နိုင်ငံ တို့သို့ သွားရောက် ခဲ့ဖူးသည်။ (`လုပ်သားသတင်းစာ အယ်ဒီတာကို ဗန်းမော်တင်အောင်နှင့် ဗိုလ်သင်ဆရာ တားသည့်ကြားလုပ်ခဲ့`ဗိုလ်သ္ခင်ဆရာ31st Jan2009။ `ဆရာကြီးကဒါမျိုးလုပ်ချင်တာတဲ့´ဆရာသော်တာဆွေ)
ဆရာကြီးသည် ၁၃၃၅ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် (၁၉၇၃ ခု၊ ဩဂုတ်လ ၁ဝ ရက်) သောကြာနေ့တွင် ကွယ်လွန် အနိစ္စ ရောက်သည်။ ။
ရွှေဥဒေါင်း ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ စာရင်း
စဉ် | အမည် | ထုတ်ဝေနှစ် | မှတ်ချက် |
---|---|---|---|
၁ | ပထမံဆရာသိန်း | ၁၉၄၉ | |
၂ | ကိုယ်ရံတော် | ၁၉၅ဝ | (ဘာသာပြန်) |
၃ | အိုင်ဗိုရီချိုင်း | ၁၉၅၂ | |
၄ | ရွှေဥဒေါင်း | ၁၉၅၃ | |
၅ | ရတနာပုံဝတ္ထု | ၁၉၅၃ | |
၆ | သွေးစုပ်မြေ | ၁၉၅၅ | |
၇ | စန္ဒာဒေဝီ | ၁၉၆ဝ | |
၈ | ဒိဋ္ဌေဒိဋ္ဌမတ္တံလက်တွေ့ကျင့်စဉ် | ၁၉၆ဝ | |
၉ | စွန့်ဝံ့သူ့ | ၁၉၆၁ | |
၁၀ | ရူပနန္ဒီ | ၁၉၆၁ | |
၁၁ | ရန်ကြီးအောင် | ၁၉၆၁ | |
၁၂ | တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ | ၁၉၆၁ | |
၁၃ | စုံထောက်မောင်စံရှား | ၁၉၆၁ | |
၁၄ | ဂမုန်းနက် | ၁၉၆၁ | (ဘာသာပြန်) |
၁၅ | စစ်ရှုံးသူ | ၁၉၆၁ | |
၁၆ | ရူပကလျာဏီ | ၁၉၆၁ | |
၁၇ | ဂျမဒါကိုကိုကြီး | ၁၉၆၂ | |
၁၈ | ဆွေးနွေးခန်း | ၁၉၆၂ | |
၁၉ | ဒဂုန်တင့် | ၁၉၆၂ | |
၂၀ | မြန်မာ့စွမ်းရည် | ၁၉၆၂ | |
၂၁ | ဒေါက်တာသောင်းထိုက် | ၁၉၆၂ | |
၂၂ | အကြံဉာဏ်ဖြင့် ကြီးပွားရေး | ၁၉၆၂ | |
၂၃ | ဘာစကာဗျိစ်ခွေးကြီး | ၁၉၆၂ | (ဘာသာပြန်) |
၂၄ | စာပဒေသာ | ||
၂၅ | ကိုယ်တွေ့ တရုတ်ပြည်သစ် | ||
၂၆ | ကိုယ်တွေ့ အာဟာရနှင့် ကျန်းမာရေး | ၁၉၆၃ | |
၂၇ | ဂဠုန်နက်ဂိုဏ်း | ၁၉၆၃ | |
၂၈ | သိန်းထိုက် | ၁၉၆၄ | |
၂၉ | ဝသုံးလုံး | ၁၉၆၄ | |
၃၀ | ဝင်္ကန္တ | ၁၉၆၄ | |
၃၁ | ရတနာသိုက် | ၁၉၆၄ | (ဘာသာပြန်) |
၃၂ | လူစွန့်စား | ၁၉၆၅ | |
၃၃ | သူတော်စိန် | ၁၉၆၅ | |
၃၄ | ဆုကြီးပန်နှင့် အခြားဝတ္ထုတိုများ | ၁၉၆၅ | |
၃၅ | စော်လမွန်သိုက် | ၁၉၆၅ | |
၃၆ | ကလယန္တရား | ၁၉၆၅ | |
၃၇ | ချစ်ပန်းပွင့် | ၁၉၆၅ | |
၃၈ | စေတလုံးပိုင်ရှင်နှင့် အခြားဝတ္ထုများ | ၁၉၆၅ | |
၃၉ | ဇော်ဟိတ် | ၁၉၆၅ | |
၄၀ | ဘာသာရေး ခံယူချက် | ၁၉၆၅ | |
၄၁ | ထိပ်ထိပ်ကြဲ လျှို့ဝှက်သည်းဖို ဝတ္ထုများ | ၁၉၆၆ | |
၄၂ | ဒေါင်ဒေါင်မြည် လျှို့ဝှက်သည်းဖို ဝတ္ထုတိုများ | ၁၉၆၆ | |
၄၃ | ဇတ်ဇတ်ကြဲဂိုဏ်း | ၁၉၆၆ | |
၄၄ | ဟစ်တလာ လုပ်ခဲ့သမျှ | ၁၉၆၈ | (ဘာသာပြန်) |
၄၅ | မျှော်တလင့်တလင့် | ၁၉၆၉ | (ဘာသာပြန်) |
၄၆ | စာရေးနည်း လမ်းညွှန် | ၁၉ရဝ | |
၄၇ | လွမ်းအောင်ဖန် | ၁၉ရဝ | |
၄၈ | စိတ်ထားတော်နှင့် မြန်မာ့စွမ်းရည် | ၁၉၇၅ | |
၄၉ | စုံထောက် ဦးစံရှား ပေါင်းချုပ် | ၁၉၇၇ | |
၅၀ | စိတ်ထားတော် | (ဘာသာပြန်) | |
၅၁ | ဗုဒ္ဓဝါဒနှင့် အယူအဆရေးရာများ | ||
၅၂ | မြသက်မော် | ၁၉၅၁ | |
၅၃ | ရှိတ်စပီးယား ပြဇာတ် ဝတ္ထုများ | (ဘာသာပြန်) | |
၅၄ | လောကုတ္တရားရာ ဆွေးနွေးခန်းများ | ၁၉၆၉ | |
၅၅ | လက်တွေ့လျှိုစစ် | ၁၉၆၅ | |
၅၆ | လက်ထက်တော်ကြီး | ||
၅၇ | လင်ကွန်း | ||
၅၈ | လျှမ်းလျှမ်းတောက် လျှို့ဝှက်သည်းဖို ဝတ္ထုများ | ||
၅၉ | သူရဲကောင်း သုံးယောက် | (ဘာသာပြန်) | |
၆၀ | အတွေးအခေါ် ဟင်းလေးအိုးကြီး |
ရွှေဥဒေါင်းစာမူကိစ္စ
ဆရာကြီး၏ ဇနီးဖြစ်သူ ဒေါ်စိုး မသေခင် ရွှေဥဒေါင်းစာမူကိစ္စနှင့် ပတ်သက်၍ သေတမ်းစာရေးခဲ့သည်။
သေတမ်းစာအရ စာမူများအတွက် ရသောငွေများကို-
- ဒါရိုက်တာဦးသုခ
- လူထုဦးလှ
- စာရေးဆရာ သော်တာဆွေ
- ဟံသာဝတီ ဦးဝင်းတင် တို့လေးဦး တိုင်ပင်ပြီး သင့်တော်သည့် လူငယ်စာရေးဆရာများအား သင့်တော်သလို စဉ်းစားပြီး သင့်တော်သည့် စာပေဆုများပေးဖို့ ကျွန်မက တာဝန်လွှဲအပ်ခဲ့ပါသည်။
- (ဒေါ်ကြီးစိုး၊ ကမ်းနီရွာ၊ ထီးချိုင့်မြို့နယ်၊ ကသာခရိုင်)
ဓာတ်ပုံများ
ကျမ်းကိုး
- ↑ ၂၀ ရာစု မြန်မာဝတ္ထုတို ၁၀၀ စာရေးဆရာ ၁၀၀၊ သီဟရတနာအုပ် ၁ဝဝပြည့် အထူးထုတ်
- ↑ ပဉ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ' က ရွှေဥဒေါင်း (၁၂၅၁ - ၁၃၃၅) အကြောင်း - မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ)
- ↑ တိုက်စိုးနှင့် မင်းယုဝေ။ စာဆိုနှင့် သုတေသီ။ စာ ၁၇၇ - ၂ဝ၂
- ↑ မလိခ။ မြန်မာဝတ္ထု အညွှန်း ၂။ စာ ၁၃ - ၁၇။
- ↑ ဒဂုန် ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ၄၁ - ၄၂။
- ↑ ရွှေဥဒေါင်း။ တသက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ။
- ↑ လုပ်သားပြည်သူ့ နေ့စဉ် သတင်းစာ။ ၆ - ၈ - ၇၃။ ။
- ↑ သော်တာဆွေ၏ ကျွန်တော့်ဘဝဇာတ်ကြောင်း(၄)မှ
Credit >>> http://my.wikipedia.org
0 comments:
Post a Comment