Thursday, January 22, 2015

“အစိုးရသတင်းစာဆရာဘွဲ့  လေးချိုးကြီး”

ဘုရင်ခံ ပျက်တော်မူတဲ့အလုံးဟာက၊ အင်မတန် ရှက်တော်မူသနဲ့ မဆုံးနိုင်သမို့၊ တပြုံးပြုံး မငြိမ့်နိုင်ဘု၊ မအိမ့်ထိုရာ
(အိုကွယ်) အသုံးအမိန့်ဟာက၊  ...

(သခင်ကိုယ်တော်မှိုင်း)
 
ဘုရင်ခံ ပျက်တော်မူတဲ့အလုံးဟာက၊
အင်မတန် ရှက်တော်မူသနဲ့ မဆုံးနိုင်သမို့၊
တပြုံးပြုံး မငြိမ့်နိုင်ဘု၊
မအိမ့်ထိုရာ
(အိုကွယ်) အသုံးအမိန့်ဟာက
နှလုံးမှာ စိမ့်စိမ့်ပြီး
မဆိမ့်ချိုစွာ။

သြော် မြန်မာတိုင်းကျိုး သတင်းတဲ့ကွဲ့
ဆရာမှိုင်းတစ်မျိုး လင်းရမှာဖြင့်
ဘာသာ သာသနာအကိုင်းကို
ချိုးချိုးဖဲ့ဖဲ့ နင်းသလိုပ
မင်းဆိုတာ ရာဇဂုဏ်နဲ့
ဘာမဖြုန် ထင်ရာလုပ်မယ်လို့ 
ပမာပုံ ယှဉ်ကာထုတ်တဲ့ပြင်
ကျုပ်တို့မရွှင် ဘ၀င်စိတ်ဓါတ်နွမ်းစေဖို့ 
ဗုဒ္ဒ၀င် သိဒ္ဒတ်ခန်းတွေနှင့်
လှောင်စမ်းမယ် ဘာတာတာကြံရော့သလ
မဟာဆန် ရာဇသံသုံးပုံက
မြန်ပေါ်မှာ ဆန္ဒယော်ထုံးတွေကြောင့်
ပျက်ချီးပျက်ချော်တွေကို
ရှက်လည်း ရှက်တော်မူတဲ့ ဘုန်းပေမို့ 
မပြုံးသနှင့် ငါဆရာမှာနော်ကွယ်
နှလုံးမှာ နင့်နင့်ပြီး
မုန်းချင့်စရာ။

မြန်ပြည်ပြင်ရန် အပျက်နော့
တော့တော့သုံးပုံက
ဆာရချီဘုရင်ခံကရက်ဒေါ့
ဘုန်းတော်ကြောင့်
သြော် မိုက်လုံးဆော့နေကြ
“ဘိုက်တစ်လုံးကော့” ရှာတဲ့
တစ်မျိုးအထူးတဘောင်အပေါ်မှာ
ရိုးအကူးချောင် အမော်ဝနာမှာဖြင့်
တစ်ဆိက်တပေါက် မရွှင်လန်း
(ဘေဒါရီရယ်) ဖိုးဦးတောင်တော် ဆရာရယ်က
စိတ်ပေါက်ပေါက်ပြီး သပိတ်မှောက်ချင်စမ်း။

လောကတွင် ဒေါနသဇင်တို့ကြောင့်
အူတက်အောင် မရီရတဲ့ပြင်
ဆူပွက်မယောင် မသတီကြပြီဟု
အနှီကအရှင် ဆရာယောဂီအမြတ်ကယ်နှင့်
သီလရင်တွေပါ တောဆီကဖတ်ကြတော့
အကျိုးပြ မြန်မာအချင်းချင်းဘာသာမှာ
အစိုးရ ဂွသတင်းဆရာတွေလို့ မှတ်မရအောင်
အချစ်မကွာသူတွေကို မေတ္တာရပ်လိုက်ပါရဲ့
က၀ိအကျော်အမော်တွေမှာ
သတိတော်မလပ်စေနှင့်
အမယ်မင်း ယုတ်ယုတ်ပတ်ပတ်နှင့်
ဘိုက်ကော့လုပ်ပြီး ရိုင်းမဲ့တစ်ခါ ကြမ်းလျှင်ဖြင့်
မဆိုင်းမတွဲ့ ၀ိုင်းမတဲ့လို့ 
ကိုင်းကွဲ့ မကြာမကြာ ဖမ်းရပါလိမ့်၊
(အို ဩ ဘေဒါရီရဲ့)
ကုတ်ကုတ် ကတ်ကတ်ကယ်နှင့်
ဟုတ်ဟုတ် ဟတ်ဟတ် လိုက်မပေါ့
မှိုင်းရဲ့စာဝရမ်း ။ ။

(မစ္စတာမောင်မှိုင်း)

(မူရင်းသတ်ပုံအတိုင်း ဖော်ပြထားပါသည်။ ဤလေးချိုးကြီးကဗျာမှာ ဆရာကြီး၏ မျောက်ဋီကာတွင် ဖော်ပြပါရှိခဲ့သည့် ကဗျာဖြစ်ပါသည်။ ၁၉၂၁ ခုနှစ်က အင်္ဂလိပ်အစိုးရ အလိုတော်ရိ သတင်းစာတစ်စောင်ဖြစ် သည့် မြန်မာတိုင်းကျိုး သတင်းစာ ထွက်ရှိလာရာတွင် နယ်ချဲ့အစိုးရက ထုတ်ဝေသည့် သတင်းစာ ဖြစ်သည့်အတိုင်း နယ်ချဲ့အင်္ဂလိပ်အစိုးရ အလိုကျကိုသာ ရေးသားဖော်ပြခဲ့၏။ ပြည်သူတို့၏ ဆန္ဒနှင့် မကိုက် ညီသည့်စာများကိုသာ ဖော်ပြခဲ့ကြ၏။
မြန်မာတိုင်းကျိုး သတင်းစာ၏ ခေါင်းကြီးတွင် အများပြည်သူအကျိုး အတွက် ထုတ်ဝေသော သတင်းစာများအား
နှိမ့်ချ ရေးသားခဲ့ပါသည်။ ဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက်က ကျောင်းသားများ ဘွိုင်းကော့လုပ်သလို မိန်းကလေးများလည်း ဂဲလ်ကော့လုပ်သင့်ကြောင်း လှောင်ပြောင်ပြောဆိုသည်ကို ယင်းမြန်မာတိုင်းကျိုးသတင်းစာက အသားပေးဖော်ပြခဲ့၏။ ထိုသည်ကို အကြောင်းပြုကာ ဆရာကြီးက သူ၏ အစိုးရသတင်းစာဘွဲ့ လေးချိုးကြီး ကဗျာတွင်
ပြန်လည် ထိုးနှက် လှောင်ပြောင် ရှုံ့ချ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။)  
 
Credit >>> Mizzima 

0 comments:

Post a Comment

Author

တစ်လ အတွင်းလူဖတ်အများဆုံး

Blog Archive

..
.
...