Friday, January 23, 2015

ဗိုလ်ချုပ်အောင်ဆန်း၏ ပညာအမြင်

post-image

ပညာဆိုသည်မှာ စာအုပ်စာတမ်းဖတ်၍ စာသိမှုကို ပညာဟု မဆိုပေ….။
ပညာသည် အတိုင်းအဆမထင် အလွန်ကျယ်ပြောနက်နဲလှသည်…။ လောကပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌
ကျွန်ုပ်တို့ သည်      ပုခက်တွင်းမှသည် မြေကြီးထဲသို့ ရောက်သည်အထိ ပညာသင်သားများ ဖြစ်နေကြပေသည်….။
ထို့ ကြောင့် ပညာသင်ကြားမှုသည် အမှန်စင်စစ်အားဖြင့် သူ၏တစ်သက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ…။
ပညာတတ်သူသည် လောကရှိအရာရာကို အခွင့်အလမ်းအလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်းသောဥာဏ်အားကို လည်းကောင်း ၊
မိမိဥာဏ်အမြင်အရ စိတ်နေစိတ်ထား စိတ်ဓာတ်တို့ ကို လည်းကောင်း ပြုပြင်ပြုစုစီမံထားခဲ့သူသာလျှင်ဖြစ်သည်……။
ဘီအေပင် အောင်စေကာမူ၊ပါရဂူဘွဲ့ ကြီးပင် ရစေကာမူ ၊ ပထမကျော်ကြီးပင် ဖြစ်စေကာမူ ၊
အသက်အရွယ်မည်မျှပင်ကြီးရင့်စေကာမူ ပညာဆိုသောသဘာဝအဓိပ္ပါယ်ကို ကောင်းစွာသုံးသပ်နားလည်နိုင်ခြင်း
မရှိခဲ့သော် တကယ်အရာမရောက်၊အသုံးမ၀င်ပေ..။ ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ် ။
စာအုပ်ကိုကျော်၍ မြင်နိုင်စွမ်းခြင်းကို ဆောင်နိုင်ရပေမည်….။
      ပညာသည် လူ၏ဥာဏ်ကိုသာ ပြုပြင်တိုးချဲ့ ရုံသာမဟုတ်..။လူ၏စိတ်နေစိတ်ထား အယူအဆများကိုလည်း
တိုးတက်စေရမည်….။
လူထု၏ ဆန္ဒအား ၊ လုပ်အားကို နူးညွတ်စေရမည်…။
ရာဇ၀င်ကို သိရုံသာမဟုတ်………… ၊ ရာဇ၀င်ကို ဖန်တီးစေရမည်……။
    လောကဓာတ်ပညာ (ခေတ်ပညာ)ကို သိရုံသာမဟုတ်….၊ လောကဓာတ်ပညာကို တိုးချဲ့ နိုင်ရမည်…..။
    ပထ၀ီပညာကို သိရုံသာမဟုတ်…..၊ မြေသစ်၊ ရေသစ် ၊ တောတောင်တို့ ကို ရှာဖွေစုံစမ်းနိုင်စွမ်းစေရမည်…..။
    လောကအကြောင်းကို နားလည်စေရုံသာမဟုတ်…..၊ သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင်စေရမည်….။
ဤကား ပညာ၏ သရုပ်အကျဉ်းမျှပင်တည်း…..။
ပညာသည် ကာလ ၊ဒေသ ၊ ပယောဂနှင့် ယှဉ်ရမည်…။ လောက၌ လက်တွေ့ အသုံးလည်း ကျရမည်…..။
ပညာတွင် သညာလည်းပါသည်….။ ဥာဏ်နှင့်လည်း ယှဉ်ရမည်….။ ဥာဏ်ချည်းသာ တိုးတက်၍ သညာမရှိပါမူလည်း ဤမျှ ပိုမို
ဆန်းကျယ်အပြောကျယ်လှသော ခေတ်သစ်အကြောင်းကို နားမလည်နိုင်ပေ……။
         လောကဓာတ်ပညာကို မတတ်မသိဘဲ ၊ လောကဓာတ်ပညာဥာဏ်ကိုသာရလျှင် လောကဓာတ်ပညာ၏ တန်ဖိုးကို
တင်းပြည့် မသုံးနိုင်ပေ…။ တိုင်းပြည် အခြေအနေ ပြဿနာ ၊ခေတ်၏ အအြေနေနှင့်မယှဉ်ပါမူ တိုင်းပြည်ထောင်ခြင်း ၊
ခေတ်ပြင်ခြင်း မပြုနိုင်ပေ…။
      မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲ မရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်ပေ…။
လူတစ်ယောက်၏ သက်တမ်းတွင် အစပထမက သိမြင်လာသော စိတ်နေစိတ်ထား ၀ါဒတို့ သည် အမှန်ချည်း မဟုတ်….။
ပြုပြင်ပြောင်းလဲရမည်သာတည်း..။
      ယနေ့ အယူအဆနှင့် နက်ဖန်အယူအဆတို့ မှာ တူချင်မှ တူပေမည်….။ အမှန်ကား လူတစ်ဦး၏ တစ်ဘ၀တွင် ကျွန်ုပ်တို့ သည်
အယူဝါဒ ပြောင်းလဲခြင်းများကို တွေ့ သောအခါ ထိုလူသည် သမာဓိမတည်……၊   ရှေ့ နောက်မညီဟု ထင်မှတ်မှားလေသည်….။
သမာဓိမတည်ခြင်းမှာ ကိုယ်ကျင့်တရား ဖောက်လွဲဖောက်ပြန် ဖြစ်ခြင်းပေတည်း…။
ဝါဒပြောင်းမှုမှာ သမာဓိမတည်ခြင်း မဟုတ်ပေ…။
ဥာဏ်အမြင်၏ ပြောင်းလဲမှုဖြစ်သောကြောင့် တစ်နည်း တိုးတက်ခြင်း ပေတည်း…..။

ကိုကိုသုစံ


0 comments:

Post a Comment

Author

တစ်လ အတွင်းလူဖတ်အများဆုံး

Blog Archive

..
.
...